ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အသုံးပြုနေတဲ့
ပစ္စည်း စျေးနှုန်းများ မြင့်တက်လာမှုကြောင့် လုပ်ငန်းအချို့ကို ယာယီရပ်ဆိုင်း
မတ်လ(၂၈)ရက်။
စက်သုံးဆီအခက်အခဲများကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက်
အသုံးပြုနေတဲ့ ပစ္စည်း စျေးနှုန်းများ မြင့်တက်လာမှုကြောင့် လုပ်ငန်းအချို့ကို ယာယီရပ်ဆိုင်းထားရတယ်လို့
ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရပါတယ်။
စက်သုံးဆီရရှိမှု ခက်ခဲလာခြင်းနှင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များ
မြင့်တက်လာခြင်းတို့ကြောင့် ဘိလပ်မြေ၊ အုတ်၊ သံတုံးနှင့် အခြားအခြေခံပစ္စည်းများ၏ စျေးနှုန်းများ
တဖြည်းဖြည်းမြင့်တက်လာခဲ့တာကြောင့် စီမံကိန်းတချို့တွင် ကုန်ကျစရိတ်ကို ထိန်းချုပ်နိုင်ခြင်းမရှိတော့သဖြင့်
လုပ်ငန်းဆောင်ရွက်မှုများကို ခဏတာ ရပ်နားထားရခြင်း ဖြစ်တယ်လို့လည်းသိရပါတယ်။
“ယခင်လနဲ့နှိုင်းယှဉ်ရင်
ဘိလပ်မြေစျေးနဲ့ အုတ်စျေးက နှစ်ဆလောက်တက်သွားပါတယ်။ အရင်လက အုတ်တစ်လုံး ၃၅၀ အခု၄၅၀ကျပ်ဖြစ်သွားတယ်။ဘိလပ်မြေဆိုရင်လည်း၁၈၀၀၀ကျပ်ကနေ၂၈၀၀၀
ကျပ်လောက်ထိဈေးတက်သွားတယ်။ဆီမရတာနဲ့ ပို့ဆောင်ရေးခ တက်တာကြောင့် ကုန်ကျစရိတ်တွေကို
မထိန်းနိုင်တော့ဘူး” ဟုလုပ်ငန်းရှင်တစ်ဦးကလည်းဆိုပါတယ်။
ယခုကဲ့သို့ စျေးနှုန်းမြင့်တက်မှုများသည် ဆောက်လုပ်ရေးလုပ်ငန်းများသာမက
အိမ်ရာစျေးကွက်နှင့် ဆက်စပ်လုပ်ငန်းများအပေါ်တွင်လည်း သက်ရောက်မှုရှိနေပြီး၊ အိမ်ရာစျေးနှုန်းများပါ
တိုးမြင့်လာနိုင်တယ်လို့လည်း သုံးသပ်သူများက ခန့်မှန်းထားပါတယ်။
အဆိုပါအခြေအနေများကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင်
လုပ်ငန်းတိုးချဲ့မှုများကို ခဏတာရပ်နားထားပြီး စျေးကွက်အခြေအနေ ပြန်လည်တည်ငြိမ်လာခြင်းကို
စောင့်ကြည့်နေကြတယ်လို့လည်းသိရပါတယ်။