Home  / News  / News Details

News Details

ရထားလမ်းဘေးတစ်လျှောက်ရှိ တရားမဝင် ကျူးကျော်နေထိုင်သူများအား အမြန်ဆုံး ဖယ်ရှားရှင်းလင်းနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိ

Jul 14, 2026  /

ရထားလမ်းဘေးတစ်လျှောက်ရှိ တရားမဝင် ကျူးကျော်နေထိုင်သူများအား အမြန်ဆုံး ဖယ်ရှားရှင်းလင်းနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိ

 

ဇူလိုင် (၁၄)ရက်။

Myanmar Property Dealer

ရန်ကုန် - ပြည် ရထားလမ်းပိုင်းတွင် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များ အရှိန်အဟုန်ဖြင့် မကြာမီ စတင်ပြေးဆွဲတော့မှာဖြစ်ပြီး၊ အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရထားလမ်းဘေးတစ်လျှောက်ရှိ တရားမဝင် ကျူးကျော်နေထိုင်သူများအား အမြန်ဆုံး ဖယ်ရှားရှင်းလင်းနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

အထူးသဖြင့် ဒါးပိန်-အင်းတိုင်-လှေလှော်အင်း ရထားလမ်းပိုင်းရှိ မြန်မာ့မီးရထားပိုင်မြေ (Right of Way) ဧရိယာအတွင်းသို့ ဝင်ရောက်နေထိုင်ကြတဲ့တရားမဝင် ကျူးကျော်သူများအား စနစ်တကျ ဖယ်ရှားရှင်းလင်းနိုင်ရေးနှင့် ဘေးအန္တရာယ်ရှိသော တရားမဝင် လမ်းကူး (Level Crossing) များကို ပိတ်သိမ်းနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇူလိုင်လ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာကျင်းပခဲ့ပါတယ်။

အဆိုပါအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော် က ရထားများ မြန်နှုန်းမြှင့် ပြေးဆွဲပါက တရားမဝင်လမ်းကူးများနှင့် ရထားနယ်မြေအတွင်း ကျူးကျော်မှုများသည် အန္တရာယ်ရှိသဖြင့် ပိတ်သိမ်း ရှင်းလင်းသွားရမှာဖြစ်ပြီးပိတ်သိမ်းရန် မဖြစ်နိုင်တဲ့ လမ်းကူးများကို ပေါင်းစပ်ခြင်း သို့မဟုတ် တံခါးဖွင့်/ပိတ် စနစ်ဖြင့် ဆောင်ရွက်သွားမှာဖြစ်ပြီးကျူးကျော်ရှင်းလင်းပြီးပါက မြန်မာ့မီးရထားမှ ခြံစည်းရိုးကာရံခြင်းနှင့် တားမြစ်ဆိုင်းဘုတ် စိုက်ထူခြင်းများ ပြုလုပ်ရမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများအနေဖြင့် ပိတ်သိမ်းမဲ့စီမံချက်များ အမြန်ရေးဆွဲရန်နှင့် ဒါးပိန်-အင်းတိုင်-လှေလှော်အင်း လမ်းပိုင်းရှိ ကျူးကျော်မှုများကို သက်ဆိုင်ရာမြန်မာ့မီးရထား၊ တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာနနှင့် သက်ဆိုင်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ ပူးပေါင်းပြီးမြေပြင်ကွင်းဆင်း စစ်ဆေးကာ ပြန်လည်တင်ပြကြရန် ပြောကြားခဲ့တယ်လို့လည်းသိရပါတယ်။