Home  / News  / News Details

News Details

နှစ်(၃၀) ဂရန်မြေပိုင်ရှင်များ မြေငှားရမ်းခကြွေးကျန်များ လာမည့်နှစ် မတ်လ ၁၅ ရက်နောက်ဆုံးထား ပေးသွင်းရန် နေပြည်တော်စည်ပင် အသိပေး

Jul 30, 2026  /

နှစ်(၃၀) ဂရန်မြေပိုင်ရှင်များ မြေငှားရမ်းခကြွေးကျန်များ လာမည့်နှစ် မတ်လ ၁၅ ရက်နောက်ဆုံးထား ပေးသွင်းရန် နေပြည်တော်စည်ပင် အသိပေး
ဇူလိုင် (၃၀)
Myanmar Property Dealer
နေပြည်တော်စည်ပင်သာယာရေးကော်မတီက နယ်နိမိတ်အတွင်းရှိ နှစ်(၃၀) မြေငှားစာချုပ်(ဂရန်) ထုတ်ပေးထားသည့် မြေကွက်ပိုင်ရှင်များအနေဖြင့် ကျသင့်သည့် နှစ်စဉ်မြေငှားရမ်းခများကို သတ်မှတ်ကာလအတွင်း ပေးသွင်းရန်နှင့် ကြွေးကျန်များရှိပါက ၂၀၂၇ ခုနှစ် မတ်လ ၁၅ ရက် နောက်ဆုံးထား၍ ပေးသွင်းကြရန် အသိပေးထားတယ်။
နေပြည်တော်စည်ပင်၏ ထုတ်ပြန်ချက်အရ နှစ်(၃၀) မြေငှားစာချုပ်(ဂရန်) ထုတ်ပေးထားသည့် မြေကွက်များအတွက် နှစ်စဉ်မြေငှားရမ်းခများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများက ကောက်ခံလျက်ရှိပါတယ်။
ဒါပေမယ့် အချို့သော ဂရန်မြေပိုင်ရှင်တွေဟာ နှစ်စဉ်ပေးဆောင်ရမယ့် မြေငှားရမ်းခတွေကို ပေးသွင်းဖို့ ပျက်ကွက်နေကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် ယခုလို ထပ်မံအသိပေးရတာဖြစ်တယ်ဟုသိရပါတယ်။
ဒါ့အပြင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၆ ခုနှစ် မတ်လ ၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၁၆) အရ ကော်မတီက သတ်မှတ်ထားသည့် မြေငှားခ သို့မဟုတ် မြေငှားစာချုပ်ပါ မြေငှားခနှင့် မြေအသုံးပြုခများကို မပျက်မကွက် ပေးဆောင်ရမှာဖြစ်ပြီး ပျက်ကွက်ပါက သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးထားရှိပါတယ်။
ဒါကြောင့် နှစ်(၃၀) မြေငှားစာချုပ်(ဂရန်) ထုတ်ယူထားသူတွေအနေနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ကျန်ရှိနေတဲ့ မြေငှားရမ်းခကြွေးကျန်တွေနဲ့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ကျသင့်တဲ့ မြေငှားရမ်းခတွေကို ၂၀၂၇ ခုနှစ် မတ်လ ၁၅ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွေမှာ ဆက်သွယ်ပေးသွင်းကြဖို့ တိုက်တွန်းထားတယ်။
မြေငှားရမ်းခပေးသွင်းမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုသူတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွေ သို့မဟုတ် ကြေညာချက်မှာ ဖော်ပြထားတဲ့ ဆက်သွယ်ရန်ဖုန်းနံပါတ်တွေကတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။