Home  / News  / News Details

News Details

စတင်နိုင်ခြင်းမရှိသေးတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းအတွင်းက မြေကွက်များ ဈေးလျှော့နဲ့ပြန်လည်ရောင်းချမှုများရှိနေ

Feb 8, 2024  /

စတင်နိုင်ခြင်းမရှိသေးတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းအတွင်းက မြေကွက်များ ဈေးလျှော့နဲ့ပြန်လည်ရောင်းချမှုများရှိနေ ဖေဖော်ဝါရီ (၈) ရက် Myanmar Property Dealer နိုင်ငံရေးအပြောင်းအလဲများကြောင့် စတင်နိုင်ခြင်းမရှိသေးတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းအတွင်းရှိ မြေကွက်အချို့ကို ယခင်ပေါက်စျေးထက် ဈေးလျှော့ရောင်းနေမှုများရှိနေကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ငန်းများကနေ စုံစမ်းသိရှိရပါတယ်။ ရန်ကုန်မြို့သစ် စီမံကိန်းတွင် အရောင်းအဝယ် ပြုလုပ်နေတဲ့ မြေကွက် အမျိုးအစား ၅ မျိုးရှိပြီး ယခင်အစိုးရ လက်ထက်က ပေ ၄၀/၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၃၅၀ မှ သိန်း ၄၀၀ အထိ ပေါက်စျေးရှိခဲ့ကြောင်း၊ လက်ရှိ အချိန်မှာတော့ ပေ ၄၀/၆၀ အမျိုးအစား တစ်ကွက်လျှင် ကျပ်သိန်း ၂၅၀ မှ သိန်း ၃၀၀ ဝန်းကျင်ဖြင့် စျေးပေါက်နေတယ်လို့ သိရပါတယ်။ အခြားမြေကွက် စျေးနှုန်းများ အနေဖြင့်လည်း ပေ ၆၀ ပတ်လည်ဆိုလျှင် ကျပ်သိန်း ၇၀၀၊ ပေ ၈၀ ပတ်လည် သိန်း ၉၀၀ မှ ၉၅၀၊ ပေ ၁၀၀ ပတ်လည် သိန်း ၁၅၀၀ အထိ ပေါက်စျေးရှိခဲ့ရာမှ ယခုအခါ ပေ ၆၀ ပတ်လည် ကျပ်သိန်း ၃၅၀၊ ပေ ၈၀ ပတ်လည် ကျပ်သိန်း ၄၅၀ မှ ၅၀၀၊ ပေ ၁၀၀ ပတ်လည် ကျပ်သိန်း ၈၀၀ မှ ၉၀၀ အထိဖြင့်သာ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့သစ် စီမံကိန်းကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်က စီမံကိန်း အကောင်အထည်ဖော်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း ယခင်အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်မှ လုပ်ငန်းစတင်ခဲ့တာဖြစ်ပြီးစီမံကိန်းကို ရန်ကုန်အနောက်ဘက်ကမ်း ဆိပ်ကြီးခနောင်တို၊ တွံတေး၊ လှိုင်သာယာ၊ ကြည့်မြင်တိုင်မြို့နယ်တို့မှ မြေဧက ၃၇၀,၀၀၀ ကျော်သုံးမှာလည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့သစ်စီမံကိန်း ဧရိယာမှာ စင်ကာပူနိုင်ငံထက် နှစ်ဆခန့်ကျယ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဘီလျံ ကုန်ကျနိုင်မှာဖြစ်တယ်လို့ခန့်မှန်ထားပြီး လူ ၂ သန်းကျော်အတွက် အလုပ်အကိုင်ဖန်တီးပေးမှာဖြစ်တယ်လို့ NYDC ကပြောကြားထားပါတယ်။