Home  / News  / News Details

News Details

ရန်ကုန်တိုင်းအတွင်း ပြန်လည်သိမ်းဆည်းထားတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ခွင့် လျှောက်ထားနိုင်

Jun 17, 2026  /

ရန်ကုန်တိုင်းအတွင်း ပြန်လည်သိမ်းဆည်းထားတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ခွင့် လျှောက်ထားနိုင်

ဇွန်လ (၁၆)

Myanmar Property Dealer

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်သိမ်းဆည်းထားတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းမြေများကို စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လိုသူများအနေဖြင့် တရားဝင်လျှောက်ထားပြီးလုပ်ကိုင်ခွင့် ရယူနိုင်တယ်လို့  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်က ပြောကြားခဲ့ပါတယ်။

ဇွန် ၁၆ ရက်က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် လှည်းကူးမြို့နယ် အမှတ်() မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးနိုင်က ပြန်လည်သိမ်းဆည်းထားသော စိုက်ပျိုးမွေးမြူရေးမြေများအား အမှန်တကယ် လုပ်ကိုင်လိုသူများကို တရားဝင်လျှောက်ထားခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိနှင့် လျှောက်ထားရမဲ့နည်းလမ်းများကို မေးမြန်းခဲ့ရာ ဝန်ကြီးက ယခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးဒေါက်တာထူးမောင်ရဲ့ ပြောကြားချက်အရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ မြေများကို ပြန်လည်သိမ်းဆည်းလျက်ရှိပြီး ယင်းအနက် ရန်ကုန်တိုင်းဒေသကြီးအတွင်း တောင်သူ ၁၇ ဦးထံမှ မြေလွတ်မြေရိုင်း ဧက ၄၃၉ ကျော်ကို ၂၀၂၆ ခုနှစ် မတ်လအတွင်း ပြန်လည်သိမ်းဆည်းခဲ့ပြီးဖြစ်တယ်လို့  ၎င်းက ပြောခဲ့တာပါ။

ဒါ့အပြင် ၂၀၁၈ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေးနည်းဥပဒေများအရ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လိုသူများအနေဖြင့် မြေသုံးစွဲခွင့်နှင့် လုပ်ပိုင်ခွင့်များကို လျှောက်ထားနိုင်ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဧက ၃၀၀ အထက်ရှိသော မြေများကို လျှောက်ထားလိုပါက ပြည်ထောင်စုအဆင့် ဗဟိုကော်မတီထံ လျှောက်ထားရမှာဖြစ်ပြီး ဧက ၃၀၀ အောက်ဖြစ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေးကော်မတီထံ လျှောက်ထားနိုင်တယ်လို့လည်းသိရပါတယ်။

အလားတူ မွေးမြူရေးလုပ်ငန်းများအတွက် ဧက ၅၀ အထက်ရှိပါက ဗဟိုကော်မတီထံ လျှောက်ထားရမှာဖြစ်ပြီး ဧက ၅၀ အောက်ဖြစ်ပါက တိုင်းဒေသကြီးအဆင့် ကော်မတီထံ လျှောက်ထားနိုင်မှာဖြစ်ကြောင်း ဝန်ကြီးက ဆိုပါတယ်။

လျှောက်ထားလိုသူများအနေဖြင့် သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနတွင် ပထမဦးစွာ ဆက်သွယ်ကာ လျှောက်ထားလိုတဲ့ မြေဧရိယာ၊ စိုက်ပျိုးမည့် သီးနှံအမျိုးအစား သို့မဟုတ် ဆောင်ရွက်မည့် လုပ်ငန်းအမျိုးအစားများကို သတ်မှတ်လျှောက်လွှာပုံစံဖြင့် တင်ပြရမှာဖြစ်ပြီး သက်ဆိုင်ရာကော်မတီများသို့ အဆင့်ဆင့် တင်ပြစိစစ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ မြေများအား စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် အသုံးပြုလိုတဲ့ မြန်မာနိုင်ငံသား မည်သူမဆို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ လျှောက်ထားနိုင်တယ်လို့လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ပြောကြားခဲ့ပါတယ်။