အိမ်ခြံမြေအခွန်သစ်စနစ်ကြောင့် အခွန်မဆောင်ရတဲ့ မြေကွက်တွေအပေါ် စိတ်ဝင်စားမှုမြင့်တက်
စက်တင်ဘာလ (၁၂)ရက်။
Myanmar Property Dealer
အိမ်ခြံမြေအခွန်စနစ်သစ်ကြောင့်
အခွန်မဆောင်ရတဲ့ မြေကွက်တွေအပေါ် စိတ်ဝင်စားမှု မြင့်တက်လာကြတယ်လို့ အိမ်ခြံမြေအကျိုးဆောင်အသိုင်းအဝိုင်း
သတင်းအရင်းအမြစ်တွေအရ
သိရပါတယ်။
အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေအနေနဲ့
ထုတ်ပြန်ထားတဲ့ အခွန်စနစ်သစ်ကို စောင့်ကြည့်လေ့လာနေကြရင်း ရောင်းခွန်၊ ဝယ်ခွန် ဆောင်ရန်မလိုတဲ့ မြေအမျိုးအစား ၃ မျိုးအပေါ် အရင်ကထက်
ပိုမိုစိတ်ဝင်စားလာကြတာဖြစ်တယ်လို့
သိရပါတယ်။
အကျိုးဆောင်သတင်းအရင်းအမြစ်တစ်ဦးက
လက်ရှိအချိန်မှာ အခွန်စနစ်သစ်နဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတွေက အခြေအနေကို စောင့်ကြည့်နေကြပြီး ပါမစ်မြေ၊ စလစ်မြေနဲ့ ရွာမြေတွေဘက်ကို အရင်ကထက် ပိုမိုစိတ်ဝင်စားလာကြတယ်လို့
ပြောပါတယ်။
အထူးသဖြင့်
အဆိုပါမြေအမျိုးအစားတွေဟာ
ဂရမ်အမည်ပေါက် ပြောင်းလဲလို့မရတဲ့အတွက် လက်ရှိစနစ်အရ အခွန်ဆောင်စရာ မလိုသေးတာကြောင့် ရွာမြေတွေဘက်မှာ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
၂၀၂၆
ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ကစပြီး အိမ်ခြံမြေ၊
အဆောက်အအုံနဲ့ တိုက်ခန်းတွေ ဝယ်ယူရောင်းချရာမှာ ရောင်းသူနဲ့ ဝယ်သူ နှစ်ဦးစလုံး အခွန်ပေးဆောင်ထားကြောင်း အထောက်အထားပြသနိုင်မှသာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုခြင်းနဲ့ အမည်ပြောင်းလဲခြင်းလုပ်ငန်းစဉ်တွေကို
ဆောင်ရွက်ပေးတော့မယ်လို့
ပြည်တွင်းအခွန်များဦးစီးဌာနရဲ့
ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါစနစ်သစ်အရ
စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုတာနဲ့ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့မှာ
အမည်ပြောင်းလဲလျှောက်ထားရာမှာ
ဝယ်ယူသူအနေနဲ့ မိမိရဲ့ ဝင်ငွေရလမ်းအထောက်အထားတွေ တင်ပြရမှာဖြစ်ပါတယ်။