Home  / News  / News Details

News Details

ငဝန်တာ ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေး အရေးကြီးလုပ်ငန်းစဉ် အောင်မြင်စွာပြီးစီး

Sep 23, 2026  /

ငဝန်တာ ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေး အရေးကြီးလုပ်ငန်းစဉ် အောင်မြင်စွာပြီးစီး

၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်မှာ ရေကျော်စီးဝင်မှုဖြစ်ပေါ်ခဲ့တဲ့ ငဝန်တာ ရေဝင်လမ်းကြောင်းကို ပိတ်ဆို့ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေတဲ့ အရေးကြီးလုပ်ငန်းစဉ်တစ်ခု အောင်မြင်စွာပြီးစီးသွားပြီလို့ သိရပါတယ်။

စက်တင်ဘာ ၂၂ ရက်၊ နေ့လယ် ၁၂ နာရီမှာ ရေစီးသန်တဲ့ အခက်အခဲတွေကြားကနေ Steel Sheet Pile တွေကို အပြည့်အဝ ရိုက်သွင်းပြီး ရေဝင်လမ်းကြောင်းကို ပိတ်ဆို့နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ တာတမံရေရှည်ခိုင်ခံ့မှုရှိစေဖို့နဲ့ ရေတွန်းအားကို ခံနိုင်ရည်ရှိစေဖို့အတွက် ကျန်ရှိနေတဲ့ လုပ်ငန်းတွေကိုတော့ ဆက်လက်အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အဲဒီလုပ်ငန်းတွေထဲမှာတော့ ရိုက်သွင်းပြီးသား Steel Sheet Pile တွေကို ပိုမိုခိုင်မာစေဖို့ သဲအိတ်ကြီးတွေ ချထားကာရံတာ၊ သောင်တူးရေယာဉ်နဲ့ ရေနက်ပိုင်းထဲ သဲမှုတ်ထည့်တာ၊ Concrete Sinker အတုံးတွေချတာနဲ့ သံမဏိဒေါက်တိုင်တွေ ထပ်မံကျားကန်ထောက်ပေးတာတွေ ပါဝင်ပါတယ်။

ငဝန်တာမှာ ရေကျော်စီးဝင်မှုဟာ ယခုနှစ် ဇူလိုင်လနှောင်းပိုင်းက ဧရာဝတီတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ငဝန်မြစ်ရေ မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်ခဲ့တာပါ။

ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ငဝန်တာရဲ့ အောက်ခံမြစ်ကျိုးအင်း သဲကြောကနေ ရေထူးပေါက်ပြီး ဖြတ်သန်းစီးဆင်းခဲ့တာကြောင့် တာတမံနိမ့်ကျကာ ရေကျော်စီးဝင်မှုဟာ ဇူလိုင် ၃၀ ရက် ည ၁၀ နာရီ ၄၂ မိနစ်မှာ စတင်ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် တာတမံအရေးပေါ်ကာကွယ်ရေးနဲ့ ရေဝင်လမ်းကြောင်းပိတ်ဆို့ရေးလုပ်ငန်းတွေကို ဩဂုတ် ၄ ရက်က စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ Steel Sheet Pile တွေ ရိုက်သွင်းကာရံတဲ့ လုပ်ငန်းပြီးစီးခဲ့တာဖြစ်ပါတယ်။

ငဝန်ရေကာတာဟာ လေးမျက်နှာမြို့နယ်အတွင်း တာမိုင် ၁၉/၁ ကနေ ၃၉/၀ အထိ မိုင် ၂၀ ခန့် ရှည်လျားပြီး မြို့ပေါ်ရပ်ကွက် ၅ ခုနဲ့ ကျေးရွာအုပ်စု ၂၁ အုပ်စုကို ကာကွယ်ပေးထားတဲ့ တာတမံဖြစ်ပါတယ်။

လက်ရှိမှာ ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပေမယ့် ရေတား၊ ရေပိတ်လုပ်ငန်းစဉ်အားလုံး ရာနှုန်းပြည့်ပြီးစီးပြီး တာတမံ ပိုမိုခိုင်မာလာစေဖို့အတွက် ကျန်ရှိတဲ့လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။