ပုသိမ်ကြီးမြို့နယ်အတွင်းက လယ်ယာမြေများကို ခွင့်ပြုမိန့်မရှိဘဲ အခြား နည်းသုံးစွဲရင်ဥပဒေအရအရေးယူခံနိုင်ရ
မေလ (၃၀)ရက်။
Myanmar Property Dealer
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ လယ်ယာမြေများကိုခွင့်ပြုမိန့်မရှိဘဲအခြားနည်းများသုံးစွဲရင်ဥပဒေအရ အရေးယူခံရနိုင်တယ်လို့ မန္တလေးမြို့ ၊အောင်မြေသာစံခရိုင်၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က အသိပေးကြော်ငြာထားကြောင်းတွေ့ရပါတယ်။
ပုသိမ်ကြီးမြို့နယ်က မန္တလေးမြို့နဲ့ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ မန္တလေးမြိုပေါ်မှာ လူနေသိပ်သည်းမှုများပြားလာတာတွေကြောင့် လူနေထိုင်ရန် ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်အတွက် လူအများကစိတ်ဝင်စားမှုမြင့်တက်လာပါတယ်။ဒါ့အပြင် နယ်မြေအေးချမ်းတာတွေကြောင့်လည်းမြေကွက်များ ကိုဝယ်ယူရန် စိတ်ဝင်စားကြတဲ့ မြို့တစ်မြို့ လည်းဖြစ်ပါတယ်။
ဒါကြောင့်လည်း ပုသိမ်ကြီးမြို့နယ်အတွင်းမှာရှိ တဲ့လယ်ယာမြေများနဲ့ ပုံစံ(၇)ရရှိပြီး လယ်ယာမြေများပေါ်တွင် လယ်ယာမြေဥပဒေနဲ့အညီ စိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်မှုမရှိခြင်း၊ လယ်ယာမြေများကိုခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ လှပ်ထားခြင်း၊ လယ်ယာမြေများကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းသုံးစွဲခြင်း၊ အခြားနည်းအသုံးပြုခွင့် ရရှိထားသော်လည်း လျှောက်ထားတဲ့ နည်းလမ်းအတိုင်းလုပ်ကိုင်ဆောင်ရွက်မှုမရှိဘဲ ကျော်လွန်ဆောင်ရွက်နေမှုများရှိနေခြင်း၊ လယ်ယာမြေများပေါ်တွင်မြေဖို့ခြင်း၊ ကွက်စိပ်ရိုက်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ အုတ်တံတိုင်းကာရံခြင်း၊ ကွန်ကရစ်တိုင်စိုက်ထူပြီး ခြံစည်းရိုး ကာရံခြင်း၊ နေအိမ်ဆောက်လုပ်ခြင်း၊ ဈေးဆိုင်ခန်းများဆောက်လုပ်ခြင်းနဲ့တရားမဝင် မြေအရောင်းအဝယ်များ ပြုလုပ်နေခြင်းတို့အား စိစစ်တွေ့ရှိရပါတယ်။
ဒါကြောင့်လည်း ပုသိမ်ကြီးမြို့နယ်အတွင်းဥပဒေနှင့်ညီညွတ်မှုမရှိတဲ့ လုပ်ကိုင်ဆောင်ရွက်နေသူများအား စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်ခြင်း၊ လယ်ယာမြေဥပဒေ ပုဒ်မ-၁၉ အရ အမိန့်တစ်ရပ်ကို ဖြစ်စေ၊အမိန့် တစ်ရပ်ထက် ပို၍ဖြစ်စေ ချမှတ်ခြင်း၊ လိုက်နာခြင်း မရှိပါက လယ်ယာမြေဥပဒေ ပုဒ်မ-၂၀(က)အရ သက်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုခြင်း၊ လယ်ယာမြေ ဥပဒေပုဒ်မ-၁၇(ဃ)အရလယ်ယာမြေလုပ်ပိုင်ခွင့်ကို ရုပ်သိမ်းခြင်းနဲ့ လယ်ယာမြေအား အခြားနည်းအသုံးပြုရန် ခွင့်ပြုချက်ကိုပယ်ဖျက်ခြင်းများ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း မန္တလေးမြို့ ၊အောင်မြေသာစံခရိုင်၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က အသိပေးကြော်ငြာထားကြောင်းသိရပါတယ်။