ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) တည်ဆောက်မှု လုပ်ငန်းများ ပြီးစီးနေပြီဖြစ်တဲ့အတွက်သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ မြို့နယ်တို့မှာအိမ်ခြံမြေဈေးကောင်းနေကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်နေသူများရဲ့ပြောပြချက်အရ
သိရပါတယ်။
လက်ရှိမှာ တံတားတည်ဆောက်ပြီးစီးမှုမှာ၉၉ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီးအဆိုပါတံတားပြီးစီးမှုရာခိုင်နှုန်းမြင့်တက်တာနှင့်အတူအိမ်ခြံမြေဈေးနှုန်းတွေကလည်းမြင့်တက်လာခြင်းဖြစ်ပါတယ်။
“တံတားလည်း ပြီးတော့မယ် ဆိုတော့ သန်လျင်ဘက်ကအရောင်း အဝယ်တွေ သွက်လာတယ်။ ပေ ၄၀x ၆၀ မှာ တစ်ထောင်၊ တစ်ထောင့်တစ်ရာ လောက်ရနေတယ်” လို့ အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။
ဒါ့အပြင် သီလဝါအထူးစီးပွား ရေးဇုန်ကို အကြောင်းပြုပြီး ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့အပါအဝင် ရန်ကုန် တောင်ပိုင်းခရိုင် မြို့နယ်များဖြစ်တဲ့ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရဲ့အိမ်ခြံမြေဈေးများ မြင့်တက်လာခြင်းဖြစ်ပါတယ်။