အိမ်၊ ခြံ၊ မြေနှင့် တိုက်ခန်းရောင်းချသူများ မြတ်စွန်းငွေအပေါ် ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်း ပေးဆောင်ရမည်
ရန်ကုန်၊ ဩဂုတ် ၂၂
အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံနဲ့ တိုက်ခန်းတွေ ရောင်းချသူတွေအနေနဲ့ အခြေပစ္စည်းရောင်းချရာက ရရှိတဲ့ မြတ်စွန်းငွေအပေါ် ဝင်ငွေခွန် ပေးဆောင်ရမယ့်အချက်တွေကို ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ အခြေပစ္စည်း ဆိုတာမှာ မြေ၊ အဆောက်အအုံ၊ တိုက်ခန်း၊ ယာဉ်၊ လုပ်ငန်းဆိုင်ရာ မတည်ပစ္စည်းတွေ၊ အစုရှယ်ယာနဲ့ ငွေချေးသက်သေခံလက်မှတ်တွေ ပါဝင်ပါတယ်။
အဆိုပါ အခြေပစ္စည်းတွေကို ရောင်းချခြင်း၊ လဲလှယ်ခြင်း ဒါမှမဟုတ် လွှဲပြောင်းခြင်းကနေ ရရှိတဲ့ မြတ်စွန်းငွေအပေါ် မူတည်ပြီး ဝင်ငွေခွန် စည်းကြပ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အမွေဆက်ခံခြင်းနဲ့ မေတ္တာဖြင့် ပေးကမ်း၊ လှူဒါန်းခြင်းတွေကတော့ အဆိုပါ အခွန်စည်းကြပ်မှုမှာ မပါဝင်ဘူးလို့ သိရပါတယ်။
ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ရောင်းချတဲ့ အခြေပစ္စည်းတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ ကျပ်သိန်း ၁၀၀ ထက်ပိုမိုပြီး မြတ်စွန်းငွေ ရရှိပါက အရောင်းအဝယ်ပြုလုပ်တဲ့နေ့ကနေ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ မြို့နယ်အခွန်ရုံးမှာ ဝင်ငွေကြေညာလွှာ တင်သွင်းပြီး ကျသင့်အခွန်ကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။
အခွန်တွက်ချက်ရာမှာတော့ သက်ဆိုင်ရာ ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ အရောင်းတန်ဖိုးထဲက မူလအဝယ်တန်ဖိုး၊ ပြင်ဆင်စရိတ်၊ ပွဲခနဲ့ အခြားသာမန်ကုန်ကျစရိတ်တွေကို နုတ်ပယ်ပေးမှာ ဖြစ်ပါတယ်။
အဆိုပါကုန်ကျစရိတ်တွေကို နုတ်ပယ်ပြီးနောက် မြတ်စွန်းငွေ ပေါ်ပေါက်လာပါက ရရှိတဲ့ မြတ်စွန်းငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ် ပေးဆောင်ရမှာ ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားပါတယ်။
ဒါကြောင့် အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံနဲ့ တိုက်ခန်းတွေ ရောင်းချမယ့်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ အခွန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သက်ဆိုင်ရာ အခွန်ရုံးမှာ အချိန်မီ ဝင်ငွေကြေညာလွှာ တင်သွင်းပြီး အခွန်ပေးဆောင်ကြဖို့ လိုအပ်ပါတယ်။