ရန်ကုန်မြို့သစ်စီမံကိန်း လုံးဝရပ်ဆိုင်းထားဟုဆို
အောက်တိုဘာ (၂၄)
Myanmar Property Dealer
ပြီးခဲ့တဲ့ အစိုးရလက်ထက်က ဆောင်ရွက်ခဲ့တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကိုယခုအခါမှာ လုံးဝရပ်ဆိုင်းထားရတယ်လို့ စီမံကိန်းနှင့်နီးစပ်တဲ့အသိုင်းအဝိုင်းမှ သိရပါတယ်။
ရန်ကုန်အနောက်ဘက်ကမ်းမှာရှိတဲ့ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ လှိုင်သာယာ၊ ကြည့်မြင်တိုင်မြို့နယ်တို့မှ မြေဧက ၃၇၀,၀၀၀ ကျော် (၁၅၀၀ စတုရန်းကီလိုမီတာ )အကျယ်ရှိတဲ့
ရန်ကုန်မြို့သစ်စီမံကိန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။
" ရန်ကုန်မြို့သစ်စီမံကိန်းက လုံးဝနှမြောစရာကောင်းတယ်။ ရပ်သွားပြီ။ သိမ်းထားတဲ့ မြေဧကတွေအတွက်ဘယ်လိုလုပ်ပေးမလဲတော့မသိဘူး။ ဒီစီမံကိန်းကစနိုင်ရင် တော်တော်လေးကောင်းမှာ" ဟုလည်း မြို့သစ်စီမံကိန်းတွင်ပါဝင်ခဲ့သူတစ်ဦးထံမှသိရပါတယ်။
စင်ကာပူနိုင်ငံထက် နှစ်ဆခန့်ကျယ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဘီလျံ ထက်မနည်းကုန်ကျနိုင်မယ်လို့ ခန့်မှန်းထားတဲ့ရန်ကုန်မြို့သစ်စီမံကိန်းကို လက်ရှိနစက လက်ထက် ၂၀၂၂ ခုနှစ်တွင် ဒါရိုက်တာအဖွဲ့ဝင်အချို့ကို အပြောင်းအလဲလုပ်ခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်းတွင် စက်မှုဇုန်များ၊ အဆင့်မြင့်အိမ်ရာများ၊ အပန်းဖြေအိမ်ရာများ၊ ဈေးဝယ်စင်တာ များ၊ မြို့တွင်း ပြေးဆွဲမဲ့အမြန်ရထား၊ ဘတ်စ်ကား ဆက်သွယ်ရေးလမ်းကြောင်းများ စတဲ့ မြို့တမြို့၏အင်္ဂါရပ်များ အစုံအလင်ထည့်သွင်းတည်ဆောက်ရန် စီမံထားတဲ့ နည်းပညာသုံး စက်မှုမြို့သစ် စီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန်ဆောင်ရွက်ထားရှိပြီး လုပ်သား နှစ်သန်းကျော်အတွက်လည်း အလုပ်အကိုင်များ ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။