ဆူးလေရှန်ဂရီလာဟိုတယ် ဝန်ဆောင်မှုများ ပြန်လည်ပေးနေသော်လည်း တည်းခိုသူနည်းပါး
ဩဂုတ်လ (၁၀)ရက်။
Myanmar property Dealer
ဆူးလေရှန်ဂရီလာဟိုတယ်ပြန်ဖွင့်ပြီး ၇ လကြာသည်အထိ တည်းခိုသူမရှိလို့ စျေးလျှော့ပေးထားရတယ်လို့ဟိုတယ်ဝန်ထမ်းတွေရဲ့ပြောပြချက်အရ သိရပါတယ်။
အဆိုပါ ရှန်ဂရီလာဟိုတယ်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလကစပြီး ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
" ပြန်ပြင်ဆင်မှုတွေလုပ်ပြီးတော့ ပြန်ဖွင့်တာပါ။ ဝန်ထမ်းအားလုံးကိုတော့ပြန်မခေါ်နိုင်သေးဘူး။ ၅၀ ရာခိုင်နှုန်းလောက်ပဲပြန်ခေါ်ထားတယ်။ အရင်ဟိုတယ်မှာရရှိတဲ့ဝန်ဆောင်မှုတွေအကုန်လုံးကို ပြန်ရနေပါပြီ။ ဖွင့်ထားတာတော့ကြာပြီ ။ တည်းတဲ့လူသိပ်မရှိတာ။ စျေးတွေလျှော့ပေးထားရတယ်"လို့ ဟိုတယ်ဝန်ထမ်းတစ်ဦးကပြောပါတယ်။
ကနဦးမှာတော့ အဆောက်အဦတစ်ခုလုံးကိုပြန်မဖွင့်သေးပဲ အောက်ထပ်တစ်ထပ်တည်းရှိ အစားအသောက်တန်းကိုသာ နေ့စဉ် နံနက် ၁၁ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဆူးလေရှန်ဂရီလာဟိုတယ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလကတည်းက ပိတ်ထားခဲ့တာဖြစ်ပြီး ဟိုတယ်နဲ့ဆက်စပ်တဲ့ Sule Square Mall & Office Shangri-La Residences ကိုဆက်လက်ဖွင့်ထားခဲ့တာဖြစ်ပါတယ်။
ရန်ကုန်မြို့လယ်မှာရှိတဲ့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ အခန်းပေါင်း ၄၆၆ ခန်းရှိပြီး ယခင်က ကုန်သည်ကြီးများဟိုတယ်အမည်ဖြင် ဟိုတယ်ဝန်ဆောင်မှုများပေးခဲ့ကာ ၂၀၁၄ ခုနှစ်တွင် ဟောင်ကောင်အခြေစိုက် ရှန်ဂရီလာအုပ်စုက ဆူးလေရှန်ဂရီလာအမည်ဖြင့် ပြောင်းလဲလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။