Home  / News  / News Details

News Details

ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် အကျိုးတူကန်ထရိုက်စနစ် အပြောင်းအလဲဖြစ်ပေါ်

Aug 10, 2026  /

ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် အကျိုးတူကန်ထရိုက်စနစ် အပြောင်းအလဲဖြစ်ပေါ်

ရန်ကုန်၊ ဩဂုတ် ၁၁

ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးကွက်တွင် အရောင်းအဝယ်အေးနေပြီး မြေဈေးနှင့် ဆောက်လုပ်ရေးကုန်ကျစရိတ်များ မြင့်တက်နေမှုကြောင့် မြို့နယ်အလိုက် အကျိုးတူကန်ထရိုက်ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကွဲပြားသည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များနှင့် အကျိုးဆောင်များထံမှ သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် အိမ်ခြံမြေဈေးနှုန်းများ မြင့်မားနေသော်လည်း အရောင်းအဝယ်အေးနေခြင်းကြောင့် မြေပိုင်ရှင်များက ငွေကြေးအများအပြား မထုတ်ဘဲ ကန်ထရိုက်တာများနှင့် အကျိုးတူပူးပေါင်း၍ တိုက်ခန်းများ ဆောက်လုပ်သည့်ပုံစံကို ပိုမိုရွေးချယ်လာကြောင်း သိရသည်။

အခုနောက်ပိုင်း တောင်ဥက္ကလာမှာ အကျိုးတူကန်ထရိုက်နဲ့ အိမ်ဆောက်တဲ့သူတွေ တော်တော်များလာတယ်။ မြေပိုင်ရှင်တွေက ငွေကြေးအများကြီး မထုတ်နိုင်တဲ့အတွက် ကန်ထရိုက်တာတွေနဲ့ ပူးပေါင်းပြီး တိုက်ခန်းဆောက်တာကို ရွေးချယ်လာကြတာပါဟု အိမ်ခြံမြေလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် တောင်ဥက္ကလာပမြို့နယ်၌ ပေ ၄၀ × ၆၀ မြေကွက်တစ်ကွက်၏ ဈေးနှုန်းမှာ ကျပ်သိန်း ၂၅,၀၀၀ မှ ၃၀,၀၀၀ အထိ ရှိနေပြီး ဈေးနှုန်းမြင့်မားမှုကြောင့် အဝယ်အေးနေကြောင်း သိရသည်။ ယင်းအခြေအနေကြောင့် အကျိုးတူကန်ထရိုက်စနစ်ဖြင့် ဆောက်လုပ်သည့် အဆောက်အအုံများ ပိုမိုများပြားလာနေသည်ဟု ဆိုသည်။

တစ်ဖက်တွင်လည်း ရန်ကုန်မြို့ Downtown ဧရိယာရှိ ကျောက်တံတားမြို့နယ်အတွင်း မြေကွက်လွတ်အချို့ ကျန်ရှိနေသော်လည်း မြေဈေးနှုန်း အလွန်မြင့်မားခြင်းနှင့် ဆောက်လုပ်ရေးကုန်ကြမ်းဈေးနှုန်း မတည်ငြိမ်ခြင်းတို့ကြောင့် ကန်ထရိုက်တာများနှင့် မြေရှင်များအကြား အကျိုးတူကန်ထရိုက်စနစ်ဖြင့် ဆောက်လုပ်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

တစ်ပေပတ်လည်ကို သိန်း ၃၅ ကနေ ၄၀ ဝန်းကျင်အထိ ဈေးပေါက်နေတယ်။ ဒီတော့ ကန်ထရိုက်တာတွေကလည်း မြေဝယ်ပြီး မဆောက်နိုင်ဘူး။ မြေရှင်တွေကလည်း ပစ္စည်းဈေးတက်နေတာကြောင့် လုပ်ငန်းမပြီးစီးနိုင်မှာကို စိုးရိမ်ပြီး ကန်ထရိုက်မပေးချင်တော့ဘူးဟု ကျောက်တံတားမြို့နယ်ရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုသည်။

ဆောက်လုပ်ရေးကုန်ကြမ်းဈေးနှုန်းများ မတည်ငြိမ်ခြင်းသည် ကန်ထရိုက်တာများ၏ လုပ်ငန်းဆောင်ရွက်နိုင်စွမ်းနှင့် မြေရှင်များ၏ ယုံကြည်မှုကို ထိခိုက်စေသလို အကျိုးတူကန်ထရိုက်စနစ်ဖြင့် မီနီကွန်ဒိုနှင့် ကွန်ဒိုဆောက်လုပ်လိုသူများအတွက်လည်း အခက်အခဲများ ဖြစ်ပေါ်စေကြောင်း လုပ်ငန်းရှင်များက သုံးသပ်ထားသည်။

အိမ်ခြံမြေလုပ်ငန်းရှင်များ၏ သုံးသပ်ချက်အရ လက်ရှိဈေးကွက်တွင် မြေဈေးနှင့် ဆောက်လုပ်ရေးစရိတ် မြင့်တက်မှု၊ အရောင်းအဝယ်အေးမှုတို့ကြောင့် မြို့နယ်အလိုက် အကျိုးတူကန်ထရိုက်စနစ်၏ အခြေအနေများ ကွဲပြားနေပြီး ဈေးကွက်တည်ငြိမ်မှုနှင့် ကုန်ကျစရိတ်လျော့ကျမှုများ ဖြစ်ပေါ်လာမှသာ ဆောက်လုပ်ရေးကဏ္ဍ ပြန်လည်လှုပ်ရှားလာနိုင်မည်ဟု မျှော်လင့်ထားကြသည်။