Home  / News  / News Details

News Details

ယာဉ်ပျံဘူတာဝင်းအတွင်း Urban Development စီမံကိန်းအတွက် ကုမ္ပဏီ ၂ ခု တင်ဒါဒုတိယအဆင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ

Oct 12, 2026  /

ယာဉ်ပျံဘူတာဝင်းအတွင်း Urban Development စီမံကိန်းအတွက် ကုမ္ပဏီ ၂ ခု တင်ဒါဒုတိယအဆင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ

အောက်တိုဘာ (၉) ရက်

 Myanmar Property Dealer

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်ရှိ ယာဉ်ပျံဘူတာဝင်းအတွင်း မြေဧရိယာ ၇.၅၁၄၃ ဧကပေါ်မှာ Urban Development မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို BOT စနစ်နဲ့ အကောင်အထည်ဖော်ဖို့ တင်ဒါခေါ်ယူခဲ့ရာမှာ ကုမ္ပဏီ ၂ ခုကို ဒုတိယအဆင့် တင်ဒါယှဉ်ပြိုင်ခွင့်ပြုလိုက်ပါတယ်။

အဲဒီကုမ္ပဏီတွေကတော့ MoNo Co., Ltd. နဲ့ Shwemanmarlar Co., Ltd. တို့ဖြစ်ပြီး တင်ဒါပထမအဆင့်မှာ စိတ်ပါဝင်စားမှုဖော်ပြချက် EOI တင်သွင်းခဲ့ရာကနေ ဆန်ကာတင်ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကုမ္ပဏီနှစ်ခုအနေနဲ့ တင်ဒါစည်းကမ်းချက်တွေနဲ့ အဆိုပြုလွှာပုံစံတွေကို တစ်စောင် ကျပ် ၁၀ သိန်းနဲ့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်အထိ မြန်မာ့မီးရထား၊ အထွေထွေမန်နေဂျာ (အထက်မြန်မာပြည်) ရုံး၊ မန္တလေးဘူတာ တတိယထပ်မှာ ရုံးချိန်အတွင်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

တင်ဒါအဆိုပြုလွှာတွေကိုတော့ မူရင်းတစ်စုံ၊ မိတ္တူနှစ်စုံနဲ့ Soft Copy နှစ်စုံ တင်ပြပြီး ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီ နောက်ဆုံးထားကာ သတ်မှတ်ထားတဲ့ရုံးကို လူကိုယ်တိုင် ပေးပို့ရမှာ ဖြစ်ပါတယ်။

တင်ဒါနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို သိရှိလိုပါက မြန်မာ့မီးရထား စီးပွားရေးဌာန၊ နေပြည်တော်ရုံးချုပ်ကို ဆက်သွယ်မေးမြန်းနိုင်သလို ဖုန်းနံပါတ် ၀၉-၈၉၁၇၅၀၁၃၄ ကိုလည်း ဆက်သွယ်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။