Home  / News  / News Details

News Details

အိမ်ခြံမြေအကျိုးဆောင်ဥပဒေ (အသစ်) ကို ၂၀၂၈ ခုနှစ်မတိုင်မီ အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေ

Aug 14, 2026  /

အိမ်ခြံမြေအကျိုးဆောင်ဥပဒေ (အသစ်) ကို ၂၀၂၈ ခုနှစ်မတိုင်မီ အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေ

ဩဂုတ် (၁၅)


ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများကို စနစ်တကျ ကြီးကြပ်ထိန်းကျောင်းနိုင်ရန် အိမ်ခြံမြေအကျိုးဆောင်ဥပဒေ (အသစ်) ကို ရေးဆွဲလျက်ရှိပြီး ၂၀၂၈ ခုနှစ်မတိုင်မီ အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ယင်းဖြေကြားချက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၀) ဦးကျော်ကျော်လတ်က "အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို မည်သည့်အချိန်တွင် ပြဋ္ဌာန်းထုတ်ပြန်နိုင်မည်နည်း" ဟု မေးမြန်းခဲ့သည့် ကြယ်ပွင့်မပြမေးခွန်းကို ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့်  ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ၏ ဖြေကြားချက်အရ အိမ်ခြံမြေအကျိုးဆောင်ဥပဒေ (အသစ်) ကို ၂၀၂၄-၂၀၂၈ ခုနှစ် "ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ" နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး မဟာဗျူဟာပါ အစီအစဉ် (၁.၅.၆) အရ ၂၀၂၇ ခုနှစ်အတွင်း ဥပဒေမူကြမ်းကို အပြီးသတ်နိုင်ရေး ရည်မှန်းထားကာ ၂၀၂၈ ခုနှစ် မဟာဗျူဟာကာလမကုန်ဆုံးမီ ဥပဒေအတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရပါတယ်။

လက်ရှိတွင် ဥပဒေမူကြမ်းရေးဆွဲမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် နေပြည်တော်၌ တိုင်းဒေသကြီးနှင့် ပြည်နယ် အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များ၊ အစိုးရဥပဒေပညာရှင်များနှင့် အိမ်ခြံမြေအကျိုးဆောင်အသင်းများ ပါဝင်တဲ့ ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရပါတယ်။

အဆိုပါအစည်းအဝေးမှ ရရှိလာတဲ့ အကြံပြုချက်များကို အခြေခံပြီး ဥပဒေမူကြမ်းကို ပြန်လည်ပြင်ဆင်နေပြီး၊ ပြင်ဆင်ပြီးစီးတဲ့ မူကြမ်းကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများထံ သဘောထားမှတ်ချက်များ ထပ်မံတောင်းခံကာ အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြန်ကြားခဲ့တာပါ။

ယခင်က အိမ်ခြံမြေအကျိုးဆောင်များကို ၂၀၁၄ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ သတင်းပို့အဖွဲ့အစည်းများအဖြစ် သတ်မှတ်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်မှစတင်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးကြပ်ရေးအာဏာပိုင်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

လက်ရှိအချိန်အထိ အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ် ထုတ်ပေးထားတဲ့ အိမ်ခြံမြေအကျိုးဆောင်စုစုပေါင်း ၇,၄၁၅ ဦးရှိနေပြီး ယခုရေးဆွဲနေတဲ့ ဥပဒေသစ် အတည်ပြုပြဋ္ဌာန်းနိုင်ပါက အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများကို ပိုမိုစနစ်တကျ ထိန်းကျောင်းနိုင်ကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း ပိုမိုထိရောက်စွာ အထောက်အကူပြုနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။