Home  / News  / News Details

News Details

မင်္ဂလာဈေးတည်ဆောက်မှု ၇၂ ရာခိုင်နှုန်းပြီးစီးနေပြီဟုသိရ

Feb 25, 2024  /

မင်္ဂလာဈေးတည်ဆောက်မှု ၇၂ ရာခိုင်နှုန်းပြီးစီးနေပြီဟုသိရ
ဖေဖော်ဝါရီလ ( ၂၅)ရက်။
Myanmar Property Dealer
မီးလောင်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့တဲ့ မင်္ဂလာဈေးတည်ဆောက်မှု ၇၂ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။
ပထမအဆင့်ဖြစ်တဲ့ မြေညီထပ်မှ အထပ်မြင့် ၄ ထပ်အထိ ယခုနှစ်လည်ပိုင်းမှာ YCDC ထံ အပ်နှံကာ ဈေးသစ်ဖွင့်လှစ်နိုင်ဖို့ လျာထားပါတယ်။
မင်္ဂလာဈေးကို ၁၉၉၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ် မေလတွင်တစ်ကြိမ်၊ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်မီးလောင်ကျွမ်းခဲ့ပြီး လက်ရှိအချိန်တွင် အသစ်ပြန်လည်တည်ဆောက်နေခြင်းဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဗညားဒလလမ်းနှင့်စက်ရုံလမ်းထောင့်ရှိ မင်္ဂလာဈေးသစ် တည်ဆောက်မှုကို ဈေးများနှင့် ကုန်စည်ပွဲရုံများ စီမံခန့်ခွဲရေးဌာန နှင့် ဆန်းမြတ်ထွန်းကုမ္ပဏီတို့ပူးပေါင်း၍ ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။
ဈေးသစ်တည်ဆောက်မှုတွင် မြေအောက်နှစ်ထပ်၊ မြေပေါ် ၁၅ ထပ်ဖြင့် ဘဏ်များ၊ City Mart၊ ဆိုင်ခန်းများ၊ ရုံးခန်းများနှင့် ယာဉ်ရပ်နားရန်နေရာများပါဝင်မှာဖြစ်ပါတယ်။
လက်ရှိမင်္ဂလာဈေးမှာတော့ ရွှေပြည့်စုံဈေး၊ ရွှေမင်္ဂလာဈေး၊ မင်္ဂလာမွန်ဈေး၊ မင်္ဂလာဈေးသစ် တို့ရှိပြီး အဲဒီဈေးတွေမှာတော့ ဆေးဝါးမျိုးစုံ၊ အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းမျိုးစုံ ရောင်းချနေတဲ့ ဆိုင်ခန်းပေါင်း ၆၀၀၀ ကျော် ရှိပါတယ်။