ရန်ကုန်အိမ်ခြံမြေစျေးနှုန်း
အမြင့်တန်းဖြင့်
အဝယ်အေးနေ
ရန်ကုန်မြို့ရှိ
အိမ်ခြံမြေစျေးကွက်မှာ
စျေးအမြင့်တန်းဖြင့် စျေးခေါ်မှုများရှိနေသော်လည်း
ဝယ်ယူသူ နည်းပါးပြီး စျေးကွက်အတွင်း ကြိုက်ရောင်းကြိုက်ဝယ် အနည်းငယ်သာရှိနေတယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်
များထံမှ သိရ ပါတယ်။
ဂရန်အမည်ပေါက်
ပေနှစ်ဆယ်၊ ခြောက်ဆယ်ရှိ အိမ်ခြံမြေစျေးနှုန်းမှာ ရန်ကုန်မြို့စွန် ရွှေပြည်သာမြို့နယ်အတွင်း မှာပင် ကျပ်သိန်း ၁၂၀၀ မှ ၂၀၀၀ ဝန်းကျင်
စျေးအမြင့်ခေါ်ကာ ရောင်းချနေကြတယ်လို့လည်း ရန်ကုန်အခြေစိုက်
အိမ်ခြံမြေရောင်းဝယ်ရေး
လုပ်ကိုင်သူ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
“ပြောရရင်
ရွှေပြည်သာဘက်ဆိုရင် ခြံတစ်ဝက်ဖဲ့ရောင်းတာတွေဖြစ်တဲ့
ဆယ်ပေ၊ ခြောက်ဆယ်တောင် သိန်း ၆၀၀၊ ၇၀၀ လောက်စျေးခေါ်နေတယ်။ ကျန်တဲ့မြို့တွင်းဆိုရင် ကျပ်သိန်းထောင်ကြီးပိုင်းခေါ်ကြတယ်။
အော်တာပဲရှိပါတယ်၊ အဝယ်ကတော့ မသွက်ဘူး။ ငွေပိုရှိတဲ့သူတွေကလည်း ဝန်နည်းတဲ့ ရွှေပဲ လှည့်ဝယ်ကြတယ်။ ခြံမြေကတော့ကြိုက်ဝယ် နည်းနည်းပဲ ရှိတယ်။ ကျွန်တော်ကိုင်ထားတဲ့ ခြံမြေတွေတောင် တစ်လကို ခြံနှစ်ကွက်လောက်ရောင်းရဖို့
မနည်းတွန်းနေရတယ်”ဟုဆိုပါတယ်။
ရွှေပြည်သာမြို့နယ်အတွင်း
၂၀၂၁ ခုနှစ်မတိုင်ခင်က အိမ်ခြံမြေစျေးနှုန်းမှာ ပေလေးဆယ်၊ ခြောက်ဆယ် မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ၂၀၀ ကျော်မှ ကျပ်သိန်း ၃၅၀ ဝန်းကျင်သာ ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိစျေးနှုန်းများမှာ ငါးဆအထက်မြင့်တက်နေခြင်းဖြစ်ကြောင်း
အိမ်ခြံမြေလုပ်ငန်းရှင်များထံမှ
သိရပါတယ်။ နေရာဒေသ၊ အချက်အခြာကျမှုနှင့် ပိုင်ဆိုင်မှု ခိုင်မာသည့်အပေါ်မူတည်ပြီး စျေးနှုန်းများမှာ ကျပ်သိန်းထောင်ကြီးပိုင်းသာမက
ကျပ်သိန်းသောင်းကြီးပိုင်းထိပါ
စျေးမြင့်တက်နေခြင်းဖြစ်ပါတယ်။
“အဓိက
စျေးတက်တယ်ဆိုတာထက် ငွေကြေးတန်ဖိုးနဲ့ ယှဉ်ပြီး စျေးမြင့်သလိုဖြစ်သွားတာပေါ့။
ပိုက်ဆံရှိတဲ့ စစ်ဘေးရှောင်လာသူတွေနဲ့ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းရှင်တွေကတော့ နေရာအကွင်းအကွက်ကြိုက်ရင် ခေါ်စျေးအတိုင်းဝယ်ကြတာပဲ၊ သူတို့ကိုပဲ အားကိုးရောင်းနေရတယ်။ ကျန်တာကတော့ စျေးအခေါ်ပဲရှိတယ်၊ အဝယ်အေးပါတယ်” ဟု တာမွေမြို့နယ်မှ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့တွင်းနှင့်
အနီးအနား အိမ်ခြံမြေစျေးကွက်များ အဝယ်နည်းသော်လည်း မြို့တွင်းနှင့်အလှမ်းဝေးတဲ့
မှော်ဘီ၊ တိုက်ကြီး၊ သန်လျင်၊ ခရမ်း၊ သုံးခွ စတဲ့မြို့နယ်များရှိ ခြံမြေများမှာမူ စျေးသင့်တဲ့အတွက် လူစိတ်ဝင်စားမှုများနေပြီး အဝယ်လိုက်နေကြောင်း သိရပါတယ်။