Home  / News  / News Details

News Details

အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ရန်ကုန်ရှိ အိမ်ရာအခန်း ၂၀၀ ကို နိုဝင်ဘာလတွင် ရောင်းချမည်

Oct 13, 2026  /

အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ရန်ကုန်ရှိ အိမ်ရာအခန်း ၂၀၀ ကို နိုဝင်ဘာလတွင် ရောင်းချမည်

အောက်တိုဘာ (၁၃)ရက်။
Myanmar Property Dealer

ရန်ကုန်တိုင်းအတွင်းရှိ ယုဇနအိမ်ရာနဲ့ ကျန်စစ်မင်းအိမ်ရာစီမံကိန်းတွေထဲက အခန်းပေါင်း ၂၀၀ ကို အတိုးနှုန်းသက်သာတဲ့ အိမ်ရာချေးငွေစနစ်နဲ့ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလအတွင်း ရောင်းချပေးသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
ရောင်းချမယ့် အခန်းတွေထဲမှာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇနအိမ်ရာ၊ အပိုင်း (၃) က အခန်း ၁၂၀ နဲ့ လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာ၊ အပိုင်း (၁) က အခန်း ၈၀ ပါဝင်ပါတယ်။
ယုဇနအိမ်ရာမှာတော့ ၈ ခန်းတွဲ ၅ ထပ်တိုက် အမှတ် ၄၊ ၁၂ နဲ့ ၂၈ တို့က အခန်းတွေကို ရောင်းချသွားမှာဖြစ်ပြီး ကျန်စစ်မင်းအိမ်ရာမှာတော့ တိုက်အမှတ် ၅၁ နဲ့ ၅၄ တို့က အခန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။
ဒီအိမ်ရာတွေကို ဝယ်ယူဖို့ လျှောက်ထားနိုင်သူတွေဟာ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) မှာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နဲ့အထက် စုဆောင်းထားသူ ၂,၄၉၆ ဦးရဲ့ စာရင်းမှာ ပါဝင်သူတွေ ဖြစ်ရပါမယ်။
လျှောက်လွှာတွေကိုတော့ နိုဝင်ဘာ ၁၆ ရက်ကနေ ၂၀ ရက်အထိ DUHD Sale Housing Facebook Page ရဲ့ Messenger ကတစ်ဆင့် လက်ခံသွားမှာဖြစ်ပြီး လျှောက်ထားနိုင်တဲ့အချိန်ကတော့ နေ့စဉ် နံနက် ၁၀ နာရီကနေ ညနေ ၃ နာရီခွဲအထိ ဖြစ်တယ်လို့သိရပါတယ်။
လျှောက်ထားသူတွေအနေနဲ့ အိမ်ရာစီမံကိန်းတည်နေရာ၊ အဆောက်အအုံအမျိုးအစား၊ အခန်းအကျယ်အဝန်းနဲ့ ဈေးနှုန်းတွေကို ကြိုတင်လေ့လာပြီး အမည်၊ မှတ်ပုံတင်အမှတ်၊ CHID Bank နဲ့ Down Payment Serial No. တို့ကို ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တိုက်အမှတ်နဲ့ အခန်းအမှတ်ကိုတော့ မိမိစိတ်ကြိုက် ရွေးချယ်လျှောက်ထားခွင့် မရှိဘူးလို့ သိရပါတယ်။
လျှောက်ထားသူတွေထဲက ရောင်းချမယ့် အခန်းအရေအတွက်နဲ့အညီ CHID Bank ရဲ့ တန်းစီဇယားမှာ အစောဆုံးအမှတ်စဉ်ရရှိထားသူတွေကို အခန်းမဲနှိုက်ခွင့် ပြုသွားမှာဖြစ်ပြီး အခန်းမဲနှိုက်ခြင်းကို ဒီဇင်ဘာ ၇ ရက်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
အခန်းဝယ်ယူခွင့်ရရှိသူတွေအနေနဲ့လည်း သတ်မှတ်ထားတဲ့ အိမ်ရာချေးငွေကို မဖြစ်မနေ ရယူရမှာဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးထားပါတယ်။
အိမ်ရာရောင်းချမှုအစီအစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ ဖုန်းနံပါတ် ၀၉-၇၉၀၉၈၀၆၂၉ ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်းသိရပါတယ်။