တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးမပြုတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဧက ၃,၅၈၈ ကျော်ကို နိုင်ငံတော် ပြန်လည်သိမ်းဆည်း
ဇွန် ၁၁ရက်။
Myanmar Property Dealer
သတ်မှတ်ထားတဲ့ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧကပေါင်း ၃,၅၈၈ ဒသမ ၆၉ ဧကကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်များ ရုပ်သိမ်းကာ နိုင်ငံတော်မှ ပြန်လည်သိမ်းဆည်းခဲ့တယ်လို့
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မ
တီထံမှ သိရပါတယ်။
ပြန်လည်သိမ်းဆည်းခဲ့တဲ့မြေများတွင် ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ပါဝင်ပြီး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ခွင့်ပြုထားတဲ့မြေဧရိယာအချို့လည်း ပါဝင်ကြောင်း သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်တွင် ယခင်က ခွင့်ပြုထားတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧရိယာ ၂,၃၇၇ ဒသမ ၅၃ ဧကမှာ သတ်မှတ်ကာလ လေးနှစ်အတွင်း အပြည့်အဝ စိုက်ပျိုးလုပ်ကိုင်ထားခြင်း မရှိသဖြင့် ပြန်လည်သိမ်းဆည်းရန် ဗဟိုကော်မတီအဖွဲ့ဝင်များထံ သဘောထားမှတ်ချက် တောင်းခံခဲ့ကြောင်း သိရပါတယ်။
ဗဟိုကော်မတီအဖွဲ့ဝင်များရဲ့ သဘောထားမှတ်ချက်များအရ အဆိုပါမြေများကို မတ်လ ၃၁ ရက်မှစတင်ကာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၂ (က) (၃) နှင့် နည်းဥပဒေ ၅၇ (ခ) တို့အရ လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်များ ရုပ်သိမ်းခဲ့ပြီး ပေးသွင်းထားတဲ့ အာမခံကြေးများကိုလည်း နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ဧက ၇၀၀ ခွင့်ပြုထားသော်လည်း လေးနှစ်အတွင်း ၃၆၅ ဧကသာ အကောင်အထည်ဖော်နိုင်ခဲ့ပြီး ကျန် ၃၃၅ ဧကမှာ လုပ်ငန်းဆောင်ရွက်ခြင်း မရှိကြောင်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လှည်းကူးမြို့နယ်ရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ၂၁ ဒသမ ၈၃ ဧက၊ မှော်ဘီမြို့နယ်ရှိ ၁၅၈ ဧက
၊ မှော်ဘီ၊ လှည်းကူးနှင့် တိုက်ကြီးမြို့နယ်များရှိ မြေဧရိယာ ၄၇၁ ဒသမ ၆၆ ဧကမှာ လုံးဝဖော်ထုတ်လုပ်ကိုင်ထားခြင်း မရှိသလို မှော်ဘီနှင့် တိုက်ကြီးမြို့နယ်များရှိ မြေဧရိယာ ၂၂၄ ဒသမ ၆၇ ဧကမှာလည်း အပြည့်အဝ ဖော်ထုတ်စိုက်ပျိုးထားခြင်း မရှိကြောင်း သိရပါတယ်။
ဒါ့ကြောင့် သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧရိယာ စုစုပေါင်း ၃,၅၈၈ ဒသမ ၆၉ ဧကကို ပြီးခဲ့တဲ့
မတ်လ ၃၁ ရက်မှစတင်ကာ လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်များ ရုပ်သိမ်းပြီး နိုင်ငံတော်မှ ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သိရပါတယ်။