Home  / News  / News Details

News Details

တပ်ပုဗ္ဗရှိတပ်မတော်သားဟောင်းများ၏ မြေများ ဂရမ်အမည်ပြောင်းလဲခွင့် မရသေးဟုသိရ

Jul 8, 2026  /

တပ်ပုဗ္ဗရှိတပ်မတော်သားဟောင်းများ၏ မြေများ ဂရမ်အမည်ပြောင်းလဲခွင့် မရသေးဟုသိရ
ဇူလိုင်(၈)
Myanmar Property Dealer
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ ၂၀၀၇ ခုနှစ်ဝန်းကျင်ကတည်းက တပ်မတော်သားဟောင်းတွေကို နေရာချထားပေးထားတဲ့ အိမ်ခြံမြေတွေဟာ အခုအချိန်အထိ မြေငှားဂရမ် မရသေးတဲ့အပြင် ဂရမ်အမည်ပြောင်းလဲခွင့်လည်း မရသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မေးမြန်းခဲ့ရာ နေပြည်တော်ကောင်စီဘက်က တပ်ပုဗ္ဗရှိ မြေကွက်တွေကို လက်ရှိအချိန်မှာ ဂရမ်အမည်ပြောင်းလဲခွင့် မပေးနိုင်သေးကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
လက်ရှိမှာ အရပ်ဘက်မြေတွေကတော့ ဂရမ်အမည်ပြောင်းလဲခွင့်ရလို့ ဈေးကောင်းနဲ့ ရောင်းဝယ်နိုင်ပေမယ့် တပ်မတော်သားဟောင်းတွေရဲ့ မြေတွေကတော့ အမည်ပြောင်းလဲခွင့် မရသေးတာကြောင့် ဈေးကောင်းမရသလို အရောင်းအဝယ်လည်း အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။
နေပြည်တော်ကောင်စီဘက်ကတော့ အဆိုပါမြေတွေကို စတင်ချထားပေးစဉ်က ကိုယ်တိုင်နေထိုင်ဖို့နဲ့ လွှဲပြောင်းရောင်းချခြင်း မပြုလုပ်ဖို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိတာကြောင့် ဂရမ်အမည်ပြောင်းလဲခွင့် မပေးနိုင်သေးတာဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။
ထို့နောက် ဦးလှဆွေက အရပ်သားတွေနဲ့ တပ်မတော်သားဟောင်းတွေအကြား အခွင့်အရေးကွာခြားနေတဲ့အတွက် မြေဂရမ်အမည်ပြောင်းလဲခွင့်ကို တန်းတူရရှိစေဖို့ ဆက်လက်တင်ပြမေးမြန်းခဲ့ရာ နေပြည်တော်ကောင်စီက တပ်မတော်စစ်ထောက်ချုပ်ရုံးနဲ့ ညှိနှိုင်းပြီး သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေအတိုင်း ဆက်လက်ဆောင်ရွက်သွား မယ်လို့သာ ဖြေကြားခဲ့ကြောင်း သိရပါတယ်။
အဆိုပါတပ်ပုဗ္ဗရှိမြေကွက်များချထားပေးစဉ်ကတပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိတဲ့ စစ်မှုထမ်းများအနေဖြင့် တပ်မတော်မှ အငြိမ်းစားယူတဲ့အချိန်တွင် မိသားစုနှင့်အတူ အဆင်ပြေစွာနေထိုင်နိုင်ရေးအတွက် ပုဗ္ဗသီရိမြို့၊ ဇေယျာဒီပရပ်ကွက်၊ ဆင်ဖြူရှင်ရပ်ကွက်၊ တပင်ရွှေထီးရပ်ကွက်နှင့် နဝဒေးရပ်ကွက်တို့တွင် မြေကွက်များအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ထောက်ချုပ်ရုံးမှ ရာထူးအဆင့်အလိုက် သတ်မှတ်နေရာချထားပေးခဲ့ခြင်းဖြစ်ပြီး မြေကွက်ရရှိတဲ့စစ်မှုထမ်းများအနေဖြင့် ကတိဝန်ခံချက် ၄ ချက်ကို ဝန်ခံကတိပြုလက်မှတ်ရေးထိုးထားရှိရတယ်လို့သိရပါတယ်။