Home  / News  / News Details

News Details

နယ်မြေမတည်ငြိမ်မှု့ကြောင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်မဖော်နိုင်သေးဟုသိရ။

Apr 3, 2024  /

နယ်မြေမတည်ငြိမ်မှု့ကြောင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်မဖော်နိုင်သေးဟုသိရ။

ဧပြီ (၃)ရက်။

Myanmar Property Dealer


ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ်နိုင်ငံဘက်မှ အမြန်ဆုံးစတင်ချင်သော်လည်း ဒေသတွင်းတိုက်ပွဲများကြောင့်အကောင်အထည်မဖော်နိုင်သေးတာဖြစ်တယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မြန်မာအထူးစီးပွားရေးဇုန်ရေးရာဌာနခွဲမှ သိရပါတယ်။


ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် မြန်မာ- တရုတ်ပူးပေါင်း၍ ဖက်စပ်ဖွဲ့စည်းထားသော ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက် (စီမံကိန်းကုမ္ပဏီ)တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ချုပ်ဆိုထားတာဖြစ်ပါတယ်။


ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စာချုပ်ပါ အချက်အလက် အချို့အား မြန်မာ-တရုတ်နှစ်ဘက်လုံး ၏လုပ်ပိုင်ခွင့်အာဏာနှင့်တာဝန်ဝတ္တရားများကို ပို၍ရှင်းလင်းအောင်သတ်မှတ်နိုင်ရန် လိုအပ်သဖြင့်လည်းကောင်း၊ ယခင်လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် ( Concession Agreement) အပေါ် ပိုမိုရှင်းလင်းတိကျစွာ နားလည်သဘောပေါက်ရန် လိုအပ်သဖြင့် လည်းကောင်း၊ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။


အဆိုပါ ညှိနှိုင်းဆွေးနွေးချက်များအရ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက်၏ တရားဝင်ကိုယ်စားလှယ် တို့အကြား  နောက်ဆက်တွဲစာချုပ် (Addendum) အား သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဆောလျင်စွာ စတင်နိုင်ရန် စီစဉ်နေခြင်းလည်းဖြစ်ပါတယ်။


ဒါပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလမှစတင်ကာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေခြင်းကြောင့် စီမံကိန်း ကြန့်ကြာနေခြင်းဖြစ်ကြောင်း သိရပါတယ်။


အဆိုပါစီမံကိန်းတွင်မြန်မာဘက်မှ အစုရှယ်ယာ ၃၀ရာခိုင်နှုန်းနှင့် တရုတ်ဘက်မှ အစုရှယ်ယာ ၇၀ရာခိုင်နှုန်းပါဝင်ပြီးကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအား အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပြီး စုစုပေါင်း ဆိပ်ခံတံတားပေါင်း ၁၀ခု၊နှစ်စဉ်ကုန်တင်ကုန်ချပမာဏ TEU ကွန်တိန်နာပေါင်း ၇,၀၀၀,၀၀၀ လက်ခံနိုင်ရန်လျာထားပြီးစီမံကိန်းပြီးစီးအောင်မြင်ပါက မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာ အဆင့်မီရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။

(သဲသဲ)