ရိုးမရိပ်သာအိမ်ရာ အခန်းဝယ်ယူခွင့် မဲပေါက်ထားသူတွေ အကြောင်းကြားစာ ထုတ်ပေးသွားမည်
ဇူလိုင် (၂၈)ရက်။
Myanmar Property Dealer
ရိုးမရိပ်သာ အိမ်ရာ မဲပေါက်သူများ အတွက် ဝယ်ယူခွင့် အကြောင်းကြားစာတွေကို သတ်မှတ်ရက်အလိုက်ထုတ်ပေးသွားမယ်လို့မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကသိရပါတယ် " ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ရောင်းချတဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာအိမ်ရာမှာ အခန်းဝယ်ယူခွင့် မဲပေါက်ထားသူတွေကို အသိပေးထားပါတယ်။သတ်မှတ်ရက်အတိုင်းထုတ်ယူဖို့လည်း အသိပေးပါတယ်လို့ " မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဘက်က ပြောထားပါတယ်။
အခန်းဝယ်ယူခွင့်ရရှိသူတွေကို ဩဂုတ် ၁၂ ရက်က စပြီး ရက်အလိုက် အကြောင်းကြားစာတွေအသီးသီးထုတ်ပေးသွားမယ်လို့သိရပါတယ်။ အခုလို သတ်မှတ်မှတ်ရက်တွေ မှာ အကြောင်းအမျိုးမျိုးကြောင့်သတ်မှတ်ရက် မှာ အခန်းဝယ်ယူခွင့် အကြောင်း ကြားစာတွေ ထုတ်ယူနိုင်တာ မရှိခဲ့သူတွေက ဩဂုတ် ၂၅ ရက်နောက်ဆုံးထား၊ လာရောက်ထုတ်ယူနိုင်တယ်လို့ဆိုပါတယ်။ နောက်ဆုံးသတ်မှတ်ရက်ထိ ထုတ်ယူတာ မပြုခဲ့ဘူးဆိုရင်တော့အခန်း ဝယ်ယူခွင့် ပယ်ဖျက်သွားမှာ ဖြစ်တယ်လို့သိရှိရပါတယ်။
အခန်းဝယ်ယူခွင့် အကြောင်းကြားစာ ထုတ်ပေးတာကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး ၊ အမှတ်၂၂၈/၂၃၄၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ မြေညီထပ် City Gallery အတွင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
အခန်းဝယ်ယူခွင့်ရရှိသူတွေက အကြောင်းကြားစာကို ကိုယ်တိုင် ထုတ်ယူမယ်ဆိုရင် မှတ်ပုံတင် မူရင်း၊ မိတ္တူ၊ အိမ်ထောင်စုစာရင်း မိတ္တူ ၁ စုံ ပါရှိရမှာဖြစ်ပြီး ၊ ကိုယ်စား ထုတ်ယူမယ် ဆိုရင် အခန်းဝယ်ယူခွင့် ရရှိသူရဲ့ ကိုယ်စားလှယ်လွှဲစာ၊ မှတ်ပုံတင် မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ ၁ စုံနဲ့ အတူ ကိုယ်စားလာရောက်သူရဲ့ မှတ်ပုံတင်မူရင်း၊ မိတ္တူ၊ အိမ်ထောင်စု စာရင်း မိတ္တူ ၁ စုံ စတာတွေ ပါရှိရမှာ ဖြစ်တယ်လို့သိရပါတယ်။