Home  / News  / News Details

News Details

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေအတွက် အမည်ခံကုမ္ပဏီတွေနဲ့ ဝယ်ယူထားတယ်လို့ သံသယရှိတဲ့ ဇိမ်ခံအိမ်ရာတွေကို ဝင်ရောက်စစ်ဆေး၊ ၁၁ ဦး ဖမ်းဆီး

Oct 17, 2026  /

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေအတွက် အမည်ခံကုမ္ပဏီတွေနဲ့ ဝယ်ယူထားတယ်လို့ သံသယရှိတဲ့ ဇိမ်ခံအိမ်ရာတွေကို ဝင်ရောက်စစ်ဆေး၊ ၁၁ ဦး ဖမ်းဆီး

အောက်တိုဘာ  (၁၇)


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နိုင်ငံခြားသားတွေက ထိုင်းနိုင်ငံသားတွေကို အမည်ခံအသုံးပြုပြီး ပိုင်ဆိုင်ထားတယ်လို့ သံသယရှိတဲ့ တန်ဖိုး ဘတ် ၆ ဘီလီယံကျော်ရှိ ဇိမ်ခံအိမ် ၉၄ လုံးကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပြီး လူ ၁၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးမှာ တရုတ်နိုင်ငံသား ၁၀ ဦးနဲ့ အမေရိကန်နိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ယူဆချက်အရ အဲဒီဇိမ်ခံအိမ် ၉၄ လုံးကို ထိုင်းနိုင်ငံသားတွေကို အမည်ခံထားတဲ့ ကုမ္ပဏီ ၉၅ ခုကတစ်ဆင့် ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဥပဒေအရ နိုင်ငံခြားသားတွေဟာ ယေဘုယျအားဖြင့် မြေယာကို တိုက်ရိုက်ပိုင်ဆိုင်ခွင့်မရှိတာကြောင့် ကုမ္ပဏီတွေမှာ ထိုင်းနိုင်ငံသားတွေကို ရှယ်ယာအများစုပိုင်ရှင်အဖြစ် ထည့်သွင်းထားတဲ့ပုံစံကို အသုံးပြုခဲ့တယ်လို့ စုံစမ်းရေးအဖွဲ့က ယူဆထားပါတယ်။

ဒါ့အပြင် အမည်ခံရှယ်ယာရှင်အဖြစ် ပါဝင်ခဲ့နိုင်တဲ့ ထိုင်းနိုင်ငံသား ၁၅၆ ဦးကိုလည်း ဖော်ထုတ်ထားပြီး ကုမ္ပဏီတွေတည်ထောင်ရာမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိတဲ့ ဥပဒေရုံးနဲ့ ကြားခံကုမ္ပဏီ ၈ ခုကိုပါ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

အဆိုပါစစ်ဆင်ရေးဟာ နိုင်ငံခြားသားတွေအတွက် ထိုင်းနိုင်ငံသားတွေကို အမည်ခံအသုံးပြုတဲ့ ကွန်ရက်တွေကို နှိမ်နင်းရေးအစီအစဉ်ရဲ့ အဋ္ဌမအကြိမ်မြောက် လုပ်ဆောင်မှုဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေကို ဘန်ကောက်မြို့က အခြားဇိမ်ခံအိမ်ရာစီမံကိန်းတွေထိ တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ပြီး တရုတ်အာဏာပိုင်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။