မြန်မာနိုင်ငံ အိမ်ခြံမြေကဏ္ဍတွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုမှ ဒေါ်လာသန်း (၇၈၀၀) ကျော်ရရှိထားတယ်လို့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှထုတ်ပြန်ထားတဲ့အချက်အလက်များအရ သိရပါတယ်။
၇၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်တဲ့ ဒလတံတားစီမံကိန်းကြောင့် ဒလအိမ်ခြံမြေဈေးတွေကလည်း ဆက်တိုက် မြင့်တက်လာနေတယ် လို့အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူများရဲ့ပြောပြချက်အရ သိရပါတယ်။
ဒလမြို့နယ်ရဲ့ အိမ်ခြံမြေဈေးကွက်ထဲမှာ ဝယ်ယူမှုများပြားလာပြီး ဈေးနှုန်းများကလည်း အဆမတန် မြင့်တက်လျက်ရှိနေပါတယ်။ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာဒလတံတားစီမံကိန်းပြီးစီးနှုန်းမြန်ဆန်နေတဲ့ အခြေအနေတွေကြောင့်ဖြစ်ပြီး လက်ရှိမှာမြေကွက်များ အဝယ်လိုက်လာနေပြီး တစ်လထက်တစ်လ ဈေးနှုန်းမြင့်တက်နေတာဖြစ်ပါတယ်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ်နိုင်ငံဘက်မှ အမြန်ဆုံးစတင်ချင်သော်လည်း ဒေသတွင်းတိုက်ပွဲများကြောင့်အကောင်အထည်မဖော်နိုင်သေးတာဖြစ်တယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မြန်မာအထူးစီးပွားရေးဇုန်ရေးရာဌာနခွဲမှ သိရပါတယ်။
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဟိုတယ်အတော်များများအိမ်ခြံမြေဈေးကွက်ထဲတွင်အရောင်းတင်လာခြင်းများရှိနေသော်လည်း ဝယ်လက်စိတ်ဝင်စားမှုနည်းပါးနေကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများထံမှ စုံစမ်းသိရှိရပါတယ်။
မြန်မာနိုင်ငံသားတွေရဲ့ ဝယ်လိုအားမြင့်တက်လာခြင်းနှင့်အတူ ဘန်ကောက်မြို့တွင်းရှိ ဘတ်ငွေ ၂ သန်း ကနေ ၄ သန်းကြားတန်ဖိုးရှိ ကွန်ဒိုတိုက်ခန်းများရဲ့ ရောင်းအား၂ဆမြင့်တက်လာတယ်လို့ The Nation သတင်းဌာနတွင် ဖော်ပြထားရှိပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အတွင်းမှာပါဝင်တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရုရှားနိုင်ငံမှလည်း စိတ်ဝင်စားမှုရှိနေတယ်လို့စုံစမ်းသိရှိရပါတယ်။
လက်ရှိရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ် အေးနေပြီး ငှားရမ်းမှုများပိုများနေကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်နေသူများရဲ့ ပြောပြချက်အရ သိရပါတယ်။
" လက်ရှိအိမ်ခြံမြေဈေးကွက်က ခပ်ပါးပါးဖြစ်နေပြီးတော့ အငှားဈေးကွက်ပိုဖြစ်နေတယ်။ ရွှေဈေးငွေဈေးတွေတတ်နေလို့ အိမ်ခြံမြေဘက်ကို ပြောင်းလဲရင်းနှီးမြှုပ်နှံမယ်ဆိုတာ ထင်ကြေးပါပဲ။ ဈေးကွက်ထဲမှာတော့ အိမ်ခြံမြေအပေါ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာတာ မတွေ့ရသေးဘူး"ဟု အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။
ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်လုပ်ငန်းစု (HSH Group) က မြန်မာ့မီးရထားရုံးချုပ်ဟောင်းနေရာမှာ တည်ရှိတဲ့ အမေရိကန်ဒေါ်လာ သန်း ၁၃၀ တန် ‘ပင်နီဆူလာရန်ကုန်’ ဟိုတယ်စီမံကိန်းကို ရပ်ဆိုင်းထားဆဲလို့ ကုမ္ပဏီဘက်က တာဝန်ရှိသူရဲ့ ပြောကြားချက်အရ သိရပါတယ်။
မကြာမီထပ်မံ ပြီးစီးတော့မယ့် သုခဒဂုံပြည်သူ့အငှားအိမ်ရာ မှတိုက်ခန်း ၄၀၀ ကျော်ကို ၂၀၂၄ ခုနှစ် မေလ တွင် ငှါးရမ်းနေထိုင်ခွင့် ရရှိနိုင်ရေး အတွက်တတိယအဆင့်အိမ်ခန်းများငှားရမ်း နေထိုင်ခွင့်စတင်လျှောက်ထားနိုင် ကြောင်းသိရပါတယ်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တွင် မဲပေါက်ထားသူများကို မကြာခင်ငှားရမ်းနေထိုင်ခွင့်အတွက် စာချုပ်ချုပ်ဆိုသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကနေ သိရပါတယ်။ယခုအခါ သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တွင် အိမ်ငှားရမ်းခွင့်အတွက် မီတာများတပ်ဆင်နိုင်ရေး ဆောင်ရွက်နေပြီး မီတာများ တပ်ဆင်ပြီးပါက စာချုပ်ချုပ်ဆိုနိုင်ရေးနှင့် အိမ်လခများ ပေးသွင်းနိုင်ရေး ဆက်လက် အသိပေးသွားမယ်လို့ဆိုပါတယ်။